သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အစိုးရရပ်တည်မှု ဂျပန်ရောက်မြန်မာတွေဝေဖန်


 Japan-Myanmar Association ဥက္ကဋ္ဌ Hideo Watanabe
Japan-Myanmar Association ဥက္ကဋ္ဌ Hideo Watanabe

[[Zawgyi/Unicode]]

အာဏာသိမ်းမြန်မာစစ်တပ်ဟာ ကုလအပါအဝင် နိုင်ငံတကာနဲ့အာဆီယံနိုင်ငံတွေရဲ့ ဖိအားပေးမှုကို လျစ်လျူပြုပြီး အကြမ်းဖက်လုပ်ရပ်တွေ ဆက်လုပ်နေချိန်မှာ ဂျပန်နိုင်ငံကတော့ မြန်မာစစ်ကောင်စီနဲ ပြေလည်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ ဂျပန်ရောက် မြန်မာလူမှုအသိုက်အဝန်းက ဝေဖန်လိုက်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဂျပန်အစိုးရရဲ့ ကျောထောက်နောက်ခံရှိတဲ့ Japan Myanmar Association ရဲ့ ဥက္ကဋ္ဌ Mr. Hideo Watanabe ဟာ မြန်မာ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့သလို အခုအာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေတယ်လို့ ဂျပန်ရောက် မြန်မာအသိုင်းအဝန်းက ပြောလိုက်တာပါ။ မြန်မာစစ်တပ်က အာဏာသိမ်းယူမှုဟာ ဥပဒေနဲ့ညီညွတ်တယ်လို့ Mr.Watanabe က အစည်းအဝေးတခုမှာ ပြောဆိုခဲ့တာကို ရိုက်တာသတင်းက ရေးသားလိုက်ပြီးနောက် ဂျပန်အစိုးရရဲ့ရပ်တည်မှုအပေါ် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။ Mr.Watanabe ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့သလို နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါဟာလည်း မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ဆာဆာကာဝါကို မြန်မာနိုင်ငံအမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ်ဆိုပြီး စစ်ကောင်စီသတင်းမီဒီယာတွေမှာ ရေးသားပေမယ့်လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ သူ့ခရီးစဉ်ဟာ ဂျပန်အစိုးရကို ကိုယ်စားမပြုဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။ မြန်မာနိုင်ငံသားများအသင်း (ဂျပန်) ရဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေကတော့ ဂျပန်အစိုးရရဲ့ နောက်ကွယ်မှာ မြန်မာစစ်အုပ်စုနဲ့နီးစပ်တဲ့ ဂျပန်စီးပွားရေးသမားတွေရှိနေတယ်လို့ ဝေဖန်ပါတယ်။

“ဂျပန်အစိုးရရဲ့ နောက်ကွယ်မှာပေါ့လေ ဗမာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဂျပန်စီးပွားရေးအုပ်စုတွေ တော်တော်များများရှိတယ်၊ ဥပမာ ဂျပန်မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Watanabeဆိုရင် အရင်တုန်းက အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဟောင်းလည်း ဖြစ်ခဲ့တယ်ပေါ့လေ၊ နောက်တခုက ပထမ ၈၈ အာဏာသိမ်းချိန်မှာကတည်းကိုကဂျပန် စီးပွားရေးအုပ်စုက စစ်အုပ်စုနဲ့ နီးစပ်ဆက်နွယ်မှု ရှိတယ်ပေါ့။ အထူးသဖြင့် ဒီ Watanabe က သူ့အနေနဲ့ စစ်အစိုးရဘက်ကို လော်ဘီလုပ်ပေးတဲ့အတွက်ကြောင့်မို့ စစ်အုပ်စုကနေပြီးတော့ ကြီးမားတဲ့စီးပွားရေး အခွင့်အလမ်းတွေ ပြန်ရတဲ့အခါကျတော့ ဒီတကြိမ်မှာလည်း သူက ဒီပုံစံအတိုင်းကိုပဲ သွားချင်တယ်။”

ဂျပန်အစိုးရအနေနဲ့ Y Complex ဈေးဝယ်စင်တာနဲ့ အိမ်ယာစီမံကိန်းအပါအဝင် ဂျပန်နိုင်ငံရဲ့ တခြားရင်းနှီးမြှုပ်နှံမှု၊ မြေယာငှားရမ်းမှုတွေကနေ စစ်ကောင်စီက ဒေါ်လာသန်းချီပြီး ရနေတယ်လို့ Justice for Myanmar ကလည်း မနေ့က ထုတ်ပြန်ထားပါတယ်။Y Complex ကို ဂျပန်နိုင်ငံသားတွေ ထည့်ဝင်ထားတဲ့ ရင်းနှီးငွေတွေနဲ့ Mr. Watanabe တို့က အကောင်အထည်ဖော်ဖို့ ကြိုးစားနေသလို ငါးနှစ်အတွင်း မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံခဲ့တာတွေ အတွက်လည်း ဂျပန်အစိုးရက အကာကွယ်ပေးချင်တာ ဖြစ်နိုင်တယ်လို့ ဦးသန်းဆွေက ယူဆပါတယ်။

“တကယ့်ကြီးကြီးမားမား ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှောင်ချင်တာ မှန်သော်ငြားလည်း ဝါတာနာဘေးတို့ အုပ်စုကတော့ ဘယ်သူဘာပြောပြော စစ်အစိုးရနဲ့ အပေးအယူလုပ်မယ်ဆိုရင် ရေရှည်မှာဆက်သွားရမယ့် လုပ်ငန်းအတွက်ကို အထောက်အကူဖြစ်နိုင်တယ်လို့ သူတို့ ထင်တဲ့အခါကျတော့ ဂျပန်အစိုးရက စစ်အုပ်စုကို ပွင့်ပွင့်လင်းလင်းလည်း မဝေဖန် ဘူး၊ ထောက်ခံတာလည်း မလုပ်ဘဲနဲ့ နောက်ကွယ်ကနေ လိုအပ်တဲ့အပေးအယူ လုပ်ပြီးတော့မှ ကစားနေတယ်လို့ ကျနော်တို့က မြင်ပါတယ်။”

ဂျပန်ဝန်ကြီးချုပ်အသစ်ဟာ မြန်မာ့အရေးအပေါ်မှာ လေးလေးနက်နက် မရှိနိုင်ဘူးလို့ ဂျပန်ရောက်မြန်မာတွေက သူတို့အမြင်ကို ပြောပါတယ်။

မြန်မာ့အရေးကို ပံ့ပိုးပေးနေတဲ့ ဂျပန်လွှတ်တော် အမတ်တချို့ကတော့ ကြားကာလအစိုးရ NUGနဲ့ အွန်လိုင်းကနေ လေးကြိမ်တွေ့ဆုံထားပါတယ်။ ဂျန်ပန်အစိုးရက NUG ကို တရားဝင်အသိအမှတ်ပြုဖို့၊ ဂျပန်နိုင်ငံဆိုင်ရာ NUG ရုံးခန်းဖွင့်ပြီး ကိုယ်စားလှယ်ခန့်ထားဖို့၊ လူသားချင်းဆိုင်ရာ အထောက်အပံ့နိုင်ဖို့ သူတို့ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဂျပန်လွှတ်တော်ထဲမှာ လက်ရှိအာဏာရ LDP ပါတီအမတ်အများစုနဲ့ လွှမ်းမိုးထားတာဖြစ်လို့ ထင်သလောက်တော့ ခရီးမပေါက်နိုင်ကြောင်း ဂျပန်ရောက်မြန်မာတွေက ပြောပါတယ်။

ဒါ့အပြင် ဂျပန်လွှတ်တော်ထဲ အတိုက်အခံပါတီကအမတ်တွေနဲ့ လက်ရှိအာဏာရပါတီက အမတ်တွေအားလုံး တခဲနက်သဘောတူညီထားတဲ့ မြန်မာ့အရေး ဆုံးဖြတ် ချက်တချို့ကို ဂျပန်အစိုးရက လျစ်လျူရှုနေတယ်ဆိုပြီးတော့လည်း မြန်မာအသိုင်းအဝိုင်းက ဂျပန်အစိုးရကို စိတ်ပျက်နေကြပါတယ်။ မြန်မာအဖွဲ့အစည်း ၃၀ ကျော်စုပေါင်းထားတဲ့ ဂျပန်- မြန်မာ အကူအညီပေးရေးကွန်ရက်က ကိုမျိုးမင်းဆွေက သူ့အမြင်ကို အခုလိုပြောပါတယ်။

“အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာရော ကန့်ကွက်သူမရှိ တခဲနက်အဆိုပြုထားတဲ့ အချက်ငါးချက် တောင်းဆိုထားပါတယ်။ အဲဒီအထဲက အချက်အလက်တွေကို အခုအချိန်အထိ ဂျပန်အစိုးရက အကောင်အထည် ဖော်ပေးခြင်းမရှိပါဘူး။ အလွယ်တကူ အကောင်အထည် ဖော်ပေးလို့ရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတခုကိုပဲ သူတို့နည်းနည်းပါးပါး ဖော်ပေးပြီးတော့ ဒါကလည်း ပြောရရင် စစ်တပ်စီကပဲ စီးဆင်းတဲ့ပုံစံ ဖြစ်နေလို့ ကျနော်တို့ပြည်သူဆီရောက်တာက ၂၀ ရာခိုင်နှုန်းမရှိဘူး။ အဲဒါကြောင့်မို့ ကျနော်တို့လည်း လွှတ်တော်ထဲမှာရော ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တဲ့အချိန်မှာလည်း အမြဲတမ်း မေးခွန်းထုတ်ခဲ့တယ်။ မြန်မာပြည်သူဆီ မရောက်ဘူးဆိုရင် ဒါက မြန်မာပြည်သူကို ကူညီထောက်ပံ့တာ မဟုတ်ဘူး၊ အကြမ်းဖက်စစ်တပ်ကို ကူညီထောက်ပံ့တာလို့ ဂျပန်အစိုးရကို ကန့်ကွက်ပြောဆိုခဲ့တယ်။ အဲဒီအတွက်လည်း သူတို့မျက်နှာတွေ အကြီးအကျယ် ပျက်ခဲ့တယ်ပေါ့နော်။ ဂျပန်အစိုးရအနေနဲ့ သူတို့မှာ မြန်မာပြည်နဲ့ပတ်သက်ပြီး သူတို့အနေနဲ့ သိပ်ပြီးစိတ် ဆန္ဒ မရှိဘူးဆိုတာကို ပေါ်လွင်တယ်ပေါ့နော်။”

ဂျပန်အစိုးရက မစ္စတာဝါတာနာဘေးတို့ မစ္စတာ ဆာဆာကာဝါဆီကရတဲ့ အချက်အလက်တွေအပေါ်မှာ ဆုံးဖြတ်ပြီးတော့ မြန်မာ့နိုင်ငံရေးအပေါ်မှာ ထဲထဲဝင်ဝင် ပါဝင်လိုစိတ်မရှိတာလို့လည်း ယူဆမှုတွေရှိပါတယ်။

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီMEHL နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင် MEC တို့နဲ့ ပူးပေါင်းရင်းနှီးမြှုပ်နှံထားတဲ့ ပြည်ပကုမ္ပဏီတွေထဲမှာ ဂျပန်နဲ့ တရုတ်နိုင်ငံက အစိုးရနောက်ခံပြုထားတဲ့ ကုမ္ပဏီကြီးတွေ အများအပြားရှိနေတာပါ။ ဒါပေမဲ့ ဂျပန်အစိုးရကတော့ မြန်မာနဲ့တရုတ် သိပ်ပြီးနီးကပ်သွားမှာကို ကာကွယ်ဖို့ သူတို့အနေနဲ့ မြန်မာစစ်တပ်ကို မလွှဲမရှောင်သာ ဆက်ဆံနေရပါတယ်ဆိုတဲ့ ဆင်ခြေပေးနေကြောင်း ဂျပန်ရောက် မြန်မာတွေက ပြောပါတယ်။

ကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကတော့ ဖမ်းထားသူတွေလွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ ညှိုနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ဆိုတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်၅ခုကို စစ်ကောင်စီအနေနဲ့ အကောင်အထည်ဖော်ပေးဖို့ ဆက်ပြီး ဖိအားပေးနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=========

[[Unicode]]














#MyanmarMilitaryCoup #MyanmarJapan #VOABurmese


=========

XS
SM
MD
LG